အပြင်းထန်ဆုံး ငလျင်ကြောင့် ယိုင်နဲ့သွားသော စစ်ကောင်စီနှင့် ကြေမွသွားသော ပြည်သူတို့၏ဘဝများ

By Aika Rey, Myanmar Data Citizens, Myanmar Now

May 2, 2025

ဆောင်းပါးကို ဖတ်ရှုရန် အောက်သို့ဆွဲပါ

မတ်လ ၂၈ ရက်နေ့က မြန်မာနိုင်ငံတွင် ရစ်ချ်တာစကေး ၇.၇ အဆင့်ရှိ ငလျင်တခု လှုပ်ခတ်ခဲ့သည်။

ငလျင်ဗဟိုချက်သည် မြန်မာနိုင်ငံ၏ ဒုတိယအကြီးဆုံးမြို့ဖြစ်သော မန္တလေးမြို့အနီးရှိ စစ်ကိုင်းမြို့၏ အနောက်မြောက်ဘက် ၁၀ မိုင်ခန့် အကွာတွင် တည်ရှိခဲ့သည်။

Modified Mercalli ပြင်းအား စကေးအရ ငလျင်သည် အမြင့်ဆုံးအဆင့်ဖြစ်သော X အဆင့်ဖြင့် လှုပ်ခတ်ခဲ့ခြင်းဖြစ်ပြီး၊ အခြေခံအဆောက်အအုံများကို အကြီးအကျယ် ပျက်စီးစေခဲ့ကာ၊ လူအများအပြား မြေပြင်ပေါ်သို့ လဲကျရလောက်သည့် ပြင်းထန်လှသော တုန်ခါမှုဖြင့် ငလျင်လှုပ်ခတ်ခဲ့ခြင်း ဖြစ်သည်။

ပြင်းထန်သော ဤငလျင်လှုပ်ခတ်မှုသည် အဏုမြူဗုံး ၃၃၄ လုံး ပေါက်ကွဲမှုနှင့် ညီမျှသော စွမ်းအင်ကို ထုတ်လွှတ်ခဲ့ကြောင်း ဘူမိဗေဒပညာရှင် တဦးက ဆိုသည်။

ငလျင်ပမာဏ ကြီးမားပြင်းထန်ရခြင်းမှာ မြန်မာနိုင်ငံကို ဖြတ်သန်းသွားသော ပြတ်ရွေ့ကြောင်း အမျိုးအစားကြောင့်ဖြစ်ပြီး၊ ထို့ကြောင့် ငလျင်လှုပ်ခြင်းကို ရန်ကုန်နှင့် ဘန်ကောက်အထိပါ ခံစားရခြင်း ဖြစ်ကြောင်း ငလျင်ပညာရှင်များက ပြောခဲ့ကြသည်။

နောက်ဆက်တွဲငလျင်များလည်း မြန်မာနိုင်ငံတွင် ဆက်လက်လှုပ်ခတ်ခဲ့သည်။

မြန်မာနိုင်ငံတွင် ရာစုနှစ်တခုအတွင်း အပြင်းထန်ဆုံးဖြစ်သော ဤငလျင်သည် မြို့များကို အကြီးအကျယ် ပျက်စီးယိုယွင်းစေခဲ့သည်။ နေအိမ်နှင့် အဆောက်အအုံများ ပျက်စီးပြိုကျ သွားခဲ့ပြီး တံတားများလည်း ပြိုကျခဲ့ကာ လမ်းများမှာလည်း ပြင်းထန်သော မြေတုန်ခါမှုကြောင့် အက်ကွဲ ပျက်စီး သွားခဲ့ကြသည်။

မြို့သူမြို့သားများသည် နောက်ဆက်တွဲ ငလျင်များကို ကြောက်ရွံ့ကြသဖြင့် လမ်းများပေါ်တွင် အိပ်စက်ကြရသည်။

စုစုပေါင်း လူဦးရေ ၁၁ သန်းခန့် နေထိုင်ရာ မန္တလေးနှင့် စစ်ကိုင်းဒေသများသည် ငလျင်ဘေး အပြင်းထန်ဆုံး ခံခဲ့ရသော ဒေသများဖြစ်သည်။ ငလျင်သည် တနိုင်ငံလုံးအတိုင်းအတာဖြင့် လူ ၁၇ သန်းခန့်အပေါ် ဆိုးကျိုးသက်ရောက်ခဲ့ကြောင်း ကုလသမဂ္ဂလူသားချင်း စာနာမှုဆိုင်ရာအေဂျင်စီ က ပြောခဲ့သည်။

ငလျင်ကြောင့် လူပေါင်း ၃၇၀၀ ကျော် သေဆုံးခဲ့ကြောင်း စစ်ကောင်စီ၏ စာရင်းများအရ သိရပြီး အခြားလူ ၅၀၀၀ ကျော်မှာ ဒဏ်ရာရရှိခဲ့ကြသည်။ လူပေါင်း ၁၁၀ ဦးခန့် ပျောက်ဆုံး နေဆဲ ဖြစ်သည်။ အမေရိကန်အေဂျင်စီတခုကမူ သေဆုံးသူဦးရေ တသောင်းကျော်နိုင်ကြောင်း ခန့်မှန်း ထားသည်။

စစ်ကောင်စီ၏ အာဏာစက် ဗဟိုချက်ဖြစ်သော နေပြည်တော်သည်လည်း ငလျင်ဘေးက မလွတ်ခဲ့ပါ။ နေပြည်တော်တွင် အစိုးရရုံးများနှင့် အရပ်ဘက်ဝန်ထမ်းများ၏ နေအိမ်များ အပါ အဝင် အဆောက်အအုံ ရာပေါင်းများစွာ ပျက်စီးခဲ့သည်။

ငလျင်ဒဏ်ကြောင့် မြန်မာနိုင်ငံတွင် ပျက်စီးဆုံးရှုံးမှုများ ကြီးမားသော်လည်း ဤသဘာဝ ဘေးအန္တရာယ်ကြောင့်တော့ စစ်ကောင်စီက ၎င်းတို့၏ စစ်ဆင်ရေးလုပ်ငန်းများအပေါ် အာရုံ စူးစိုက်မှု လျှော့ချပေးမည့် အနေအထားမျိုး မရှိကြောင်း စောင့်ကြည့်လေ့လာသူများက သုံးသပ် ကြသည်။

မြန်မာနိုင်ငံအလယ်ပိုင်းတွင် ငလျင်ကြောင့် အဆောက်အအုံများပြိုကျသွားခဲ့စဉ်က အပျက်အစီးများ ကြားတွင် အော်ဟစ် အကူအညီတောင်းခံသံများ ပဲ့တင်ထပ်ခဲ့သည်။ မိသားစုဝင်များနှင့် အိမ်နီးချင်းများ က ပိတ်မိနေသူများအား ကယ်ဆယ်နိုင်ရေးအတွက် အပျက်အစီးပုံများကို ဦးစွာ တူးဆွရှင်းလင်း ခဲ့ကြသည်။ ထို့နောက်တွင်မူ ကယ်ဆယ်ရေး အဖွဲ့များ တဖြည်းဖြည်းချင်း ရောက်ရှိလာခဲ့ကြပြီး၊ လုံးဝလာမကူ နိုင်ခဲ့သည့် နေရာများလည်း ရှိခဲ့သည်။

အသံပေး အကူအညီတောင်းခံသံများ ဆိတ်သုဉ်းသွားသောအခါ ကယ်ဆယ်ရေးလုပ်ငန်းများ၏ အနေ အထားမှာ နောက်တဆင့်အဖြစ် ပြောင်းသွားခဲ့ပြီး  သေဆုံးသူများ၏ ရုပ်အလောင်းများ ရှာဖွေ ရယူနိုင် ရေးနှင့် ပြန်လည်ထူထောင်နိုင်ရေးတို့ဘက်သို့ ဦးတည်သွားခဲ့သည်။ ထိုအခါ တဖြည်းဖြည်းနှင့် ရုပ်လုံး ပေါ်လာသည်မှာ၊ ပျက်စီးသွားသည့် နေရာများ၏ လိုအပ်ချက်အရ ဦးစားပေး ကူညီခြင်းမျိုး မဟုတ်တော့ဘဲ အရင်းအမြစ်များကို အာဏာသိမ်းပြီးနောက် ဖြစ်လာသည့် နယ်နိမိတ်အပိုင်းအခြားအလိုက်၊ စစ်ကောင်စီက လက်သင့်ရာ ဖြန့်ဝေပေးသည့် ပုံစံသို့ ဦးတည်လာခဲ့သည်။

မတ်လ ၂၈ ရက်နေ့ ငလျင်ကြောင့် မန္တလေးမြို့နှင့်၊ အနီးအနားရှိ စစ်ကိုင်းမြို့တို့လည်း ပျက်စီး သွားခဲ့သည်။ အခိုင်အခံ့ တည်ဆောက်ထားသော မြို့တော် နေပြည်တော်ပင်လျှင် ကြီးမားသော ပျက်စီးမှုများ ကြုံတွေ့ခဲ့ရရာ၊ စစ်ကောင်စီသည်ပင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကို မဖြစ်မနေ ဦးစားပေး လုပ်ဆောင်လာရသည်။

ယခင် သဘာဝ ဘေးအန္တရာယ်ဖြစ်စဉ်များတွင် အကူအညီများကို ပိတ်ပင်တားဆီးခဲ့သော စစ်အာဏာရှင်သည် ယခုအကြိမ်တွင်မူ အရေးပေါ်အခြေအနေကြေညာခြင်း နှင့် နိုင်ငံတကာ အကူအညီ တောင်းခံခြင်း တို့ကို အလျင်အမြန် ဆောင်ရွက်ခဲ့သည်။ နိုင်ငံတကာ ကယ်ဆယ်ရေးအဖွဲ့များအားလည်း မြန်မာနိုင်ငံ အတွင်းသို့ ဝင်ခွင့် ချက်ခြင်းပြုခဲ့သည်။ သို့သော် သံသယများ ရှိနေဆဲဖြစ်သည်။

သတင်းအချက်အလက်များနှင့် သတင်းရင်းမြစ်တချို့၏ ပြောဆိုချက်အရဆိုလျှင် ယခင် သဘာဝဘေး ကိစ္စရပ်များ ကဲ့သို့ပင် စစ်ကောင်စီသည် ငလျင်ဘေး အကူအညီများနှင့် ကယ်ဆယ်ရေးလုပ်ငန်းများကို ၎င်းတို့ အားကောင်းရာ နေရာများတွင်သာ  ဦးစားပေး လုပ်ဆောင်ခဲ့ပြီး၊ အခြားနေရာများကို မိမိတို့ဘာသာ ရုန်းကန်စေခဲ့သည်။

လေ့လာသူအချို့က ဤငလျင်သည် စစ်ကောင်စီ သဘောထားအလှည့်အပြောင်းတခု ဖြစ်လာနိုင်ကြောင်း ပြောဆိုကြသော်လည်း အခြား လေ့လာသူများကမူ စစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင်၏ လုပ်ဆောင်မှုများက သူသည် သူ၏ အာဏာစက်အပေါ် ယုံကြည်မှုရှိနေဆဲဖြစ်ကြောင်း ပြသနေသည်ဟု ဆိုကြသည်။

ရာစုနှစ်တခုအတွင်း အပြင်းထန်ဆုံး မြန်မာ့ငလျင်

မတ်လ ၂၈ ရက်နေ့ ငလျင်သည် မြန်မာနိုင်ငံတွင် ရာစုနှစ်တခုအတွင်း အပြင်းထန်ဆုံးနှင့် သေဆုံးမှု အများ ဆုံးငလျင် ဖြစ်ဖွယ်ရှိသည်။ ၎င်းငလျင်သည် မြောက်မှတောင်သို့ မြန်မာနိုင်ငံအလယ်က ဖြတ်သန်း သွားသော စစ်ကိုင်းပြတ်ရွေ့ကြောင်းပေါ်တွင် လှုပ်ခတ်ခဲ့ပြီး၊ အိန္ဒိယနှင့် ယူရေးရှား (ဥရောပ-အာရှဒေသ) တို့၏ တက်တောနစ် (tectonic) ကျောက်ပြားများ တခုနှင့်တခု ပွတ်တိုက်ရာမှ ဖြစ်ပေါ်လာခြင်းဖြစ်သည်။

"Strike-slip faulting" ခေါ်၊ ကျောက်ပြားနှစ်ခု ဘေးတိုက် ပွတ်တိုက်မှုကြောင့် ဖြစ်ပွားသော ရစ်ချ်တာ စကေး ၇.၇ အဆင့်ရှိ ဤငလျင်သည် အနက် ၆.၂ မိုင်သာရှိသော တိမ်သောဗဟိုချက်ရှိသည့် ငလျင်ဖြစ်ရာ မြေမျက်နှာပြင်ပေါ်တွင် သက်ရောက်မှု ပိုပြင်းထန်ခဲ့သည်။

မန္တလေးရှိ မဟာမြတ်မုနိဘုရားကြီးသည် အရေးပါသော ဗုဒ္ဓဘာသာ ဘုရာဖူးဒေသ တခုဖြစ်ပြီး၊ ငလျင်ကြောင့် ထိခိုက်ပျက်စီးမှုများ ရှိခဲ့သည်။ (ဓာတ်ပုံ - Myanmar Now)

မန္တလေးရှိ မဟာမြတ်မုနိဘုရားကြီးသည် အရေးပါသော ဗုဒ္ဓဘာသာ ဘုရာဖူးဒေသ တခုဖြစ်ပြီး၊ ငလျင်ကြောင့် ထိခိုက်ပျက်စီးမှုများ ရှိခဲ့သည်။ (ဓာတ်ပုံ - Myanmar Now)

မြန်မာနိုင်ငံ၏ ဒုတိယအကြီးဆုံးမြို့ဖြစ်သော မန္တလေးမြို့တွင် နေထိုင်သူများအတွက်မူ ပြင်းထန်လှသည့် ငလျင်ဘေးကို မမျှော်လင့်ဘဲ ကြုံတွေ့ခဲ့ရခြင်း ဖြစ်သည်။

အမျိုးသမီးတဦးက ပြောပြခဲ့သည်မှာ၊ ငလျင် ပထမအကြိမ် လှုပ်ခဲ့စဉ်က သူသည် ဆိုင်တဆိုင်ထဲသို့ ပြေးဝင်ခဲ့ပြီး ထို့နောက် ရစ်ချ်တာစကေး ၆.၇ အဆင့်ရှိ နောက်ထပ်ငလျင်တခု ထပ်လှုပ်ခတ်သောအခါ သူသည် ဆိုင်ပြင်ပသို့ ပြန်ထွက်ပြေးလာခဲ့ရကြောင်း ပြောပြခဲ့သည်။

"ပတ်ဝန်းကျင်ကို ကျွန်မ ကြည့်လိုက်ပါတယ်။ စတိုးဆိုင်က သိပ်မလှုပ်သလိုပါပဲ။ ဒါပေမယ့် မှန်တွေ၊ နံရံတွေနဲ့ တခြားအဆောက်အအုံတွေ ပြင်းပြင်းထန်ထန် လှုပ်နေတာတွေ့ရတယ်။ ဖုန်မှုန့်တွေကလွဲပြီး ဘာမှမမြင်ရဘူး။ တဖြောက်ဖြောက် ပြိုအက်သံတွေကလွဲပြီး ဘာမှမကြားရဘူး။ အဲဒီအချိန်တုန်းက ကျွန်မတို့အဆောက်အဦးလည်း ပြိုကျတော့မလားဆိုပြီး ကျွန်မ ကြောက်သွားတယ်" ဟု သူက ပြောပြခဲ့သည်။

ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (UNOCHA)၏  ခန့်မှန်းချက်အရ မြန်မာနိုင်ငံ လူဦး ရေ၏ သုံးပုံတပုံခန့်ဖြစ်သော လူဦးရေ ၁၇ သန်းခန့်သည် ငလျင် အကျိုးဆက်ကို ခံစားနေရသည်။ ကနဦး လိုအပ်ချက်စစ်တမ်းအရ စစ်တမ်းယူ လူဦးရေ ရှစ်သိန်းခွဲ ကျော်တွင် တဝက်ခန့်သည် မည်သည့် အကူ အညီမျှ မရရှိသေးကြောင်း တွေ့ရှိရသည်။

ဧပြီလ ၂၈ ရက်ထိစာရင်းအရ သေဆုံးသူ ၃၇၇၀ ဦး၊ ဒဏ်ရာရသူ ၅၁၀၆ ဦးနှင့် ပျောက်ဆုံးနေသူ  ၁၀၆ ဦး ရှိပြီး တိုက်တာအိုးအိမ်နှင့် အဆောက်အဦးပေါင်းမြောက်များစွာ ထိခိုက်ပျက်စီးခဲ့ကြောင်း စစ်ကောင်စီ က ထုတ်ပြန်ထားသည်။ အမေရိကန် ဘူမိဗေဒ တိုင်းတာရေးဌာန (USGS) က မြန်မာနိုင်ငံတွင် ငလျင် ကြောင့် သေဆုံးသူအရေအတွက် တသောင်း ကျော်နိုင်ကြောင်း ခန့်မှန်းထားသည်။

USGS ၏ အချက်အလက်များအရ မြန်မာနိုင်ငံသည် လွန်ခဲ့သော နှစ် ၁၀၀ အတွင်း ဤမျှပြင်းထန်သော ငလျင်မျိုး ကြုံတွေ့ခဲ့ခြင်း မရှိခဲ့သော်လည်း ၁၉၄၆ ခုနှစ်တွင် စစ်ကိုင်းပြတ်ရွေ့ကြောင်း တလျှောက်တွင်လည်း ဤငလျင်နှင့်အလားတူ ပြင်းထန်မှုရှိသော ငလျင်တခု လှုပ်ခတ်ခဲ့ဖူးသည်။

Science Media Centre က ကိုးကားဖော်ပြခဲ့သည့်အတိုင်း လန်ဒန်တက္ကသိုလ် Royal Holloway ကောလိပ်ရှိ ဘူမိသိပ္ပံဌာနမှ Ian Watkinson က စစ်ကိုင်းပြတ်ရွေ့ကြောင်းသည် နှိုင်းရအားဖြင့် ပြင်းထန် သော ငလျင်ကြီးများ လှုပ်တတ်သော်လည်း မကြာမကြာတော့ လှုပ်ခတ်လေ့မရှိဟု ဆိုသည်။

၁၉၃၀ ခုနှစ်တွင် မှတ်တမ်းတင်ခဲ့သော ရစ်ချ်တာစကေး ၇.၅ အဆင့်ရှိ ငလျင်တခုနှင့် ၁၉၅၆ ခုနှစ်တွင် ရစ်ချ်တာစကေး ၆.၈ အဆင့်ရှိ ငလျင်တခုတို့သည်လည်း ထိုပြတ်ရွေ့ကြောင်းတလျှောက်တွင် လှုပ်ခဲ့ခြင်း ဖြစ်သည်။

ကူညီရေးအဖွဲ့များ၏ တဝက်ခန့် နေပြည်တော်သို့ သွားခဲ့ကြ

အချိန်ကြာမြင့်လာသည်နှင့်အမျှ ကယ်ဆယ်ရေးကြိုးပမ်းမှုများမှာ ပြန်လည်ထူထောင်ရေးအဆင့်သို့ ပြောင်းလဲသွားခဲ့ပြီး၊ ထိုအခါတွင် အများ၏ မျှော်လင့်ချက်များ တဖြည်းဖြည်း ပျောက်ဆုံးသွားခဲ့သည်။

ဧပြီလ ၉ ရက်နေ့တွင် နိုင်ငံတကာ ကယ်ဆယ်ရေးအဖွဲ့တချို့ မြန်မာနိုင်ငံမှ ပြန်လည် ထွက်ခွာသွားပြီ ဖြစ် ပြီး၊ ကျန်ရှိနေသေးသော အဖွဲ့များသည်လည်း အပျက်အစီးပုံများအောက်တွင် အသက်ရှင်သန် ကျန်ရစ် သူများကို မတွေ့တော့ဘဲ ရုပ်အလောင်းများကိုသာ တွေ့ရှိခဲ့သည်။ နိုင်ငံတကာ ဆေးဘက်ဆိုင်ရာအဖွဲ့များ မှာမူ ၎င်းတို့၏ လုပ်ငန်းများကို ဆက်လက်လုပ်ဆောင်လျက်ရှိသည်။

အမှန်တကယ် ထိခိုက်ဒဏ်ရာရမှု မရှိသော၊ လူသေဆုံးမှု မရှိသော နေရာများရှိ ပျက်စီးသွားသော အဆောက်အုံများတွင် စစ်ကောင်စီ၏ တပ်ဖွဲ့ဝင်တချို့က အပေါ်ယံ ရုပ်ပြသက်သက် ရှင်းလင်းရေး လုပ်ပြသောကြောင့် ဝေဖန်ခံရခြင်းလည်း ရှိခဲ့သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဟု ၎င်းတို့ဘာသာ အမည်ပေးထားသော စစ်ကောင်စီ၏ အချက် အလက်များအရ နိုင်ငံတကာ ကယ်ဆယ်ရေးတပ်ဖွဲ့များ၏ တဝက်ကျော်သည် မန္တလေးသို့ စေလွှတ်ခံရပြီး ကျန်အဖွဲ့ အများစုကို သေဆုံးမှုနှင့် ထိခိုက်ဒဏ်ရာရမှု သိသိသာသာ ပိုနည်းသည့် နေပြည်တော်သို့ စေလွှတ်ခဲ့သည်။

ဒေသတခုသို့ တူညီသောကယ်ဆယ်ရေး အဖွဲ့များ အကြိမ်ကြိမ်စေလွှတ်ခြင်း ရှိမရှိကို အချက် အလက် များတွင် ရှင်းလင်းစွာ ဖော်ပြထားခြင်း မရှိသော်လည်း၊ ဖော်ပြထားသော အချက်အလက်များအရ မန္တလေးရှိ Sky Villa ကွန်ဒို ပြိုကျသွားခဲ့သော အောင်မြေသာစံမြို့နယ်သည် နိုင်ငံတကာ ကယ်ဆယ်ရေး သမားအများဆုံး လက်ခံရရှိခဲ့ပြီး၊ တရုတ်၊ အိန္ဒိယနှင့် ရုရှားမှ ကယ်ဆယ်ရေး သမားပေါင်း ၆၀၀ ခန့် သွားရောက်ခဲ့ကြသည်။

ဝန်ထမ်းအိမ်ရာအဆောက်အအုံတချို့ ပျက်စီးသွားခဲ့သည့် နေပြည်တော်ရှိ ဇမ္ဗူသီရိမြို့နယ်သို့ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ စင်ကာပူ၊ တရုတ်၊ ထိုင်းနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံများမှ ကယ်ဆယ်ရေးသမား ၅၀၀ နီးပါး သွားရောက်ခဲ့ကြရာ၊ ကယ်ဆယ်ရေးသမား လက်ခံရရှိမှု ဒုတိယအများဆုံး နေရာတွင် ရှိသည်။

ဤနေရာနှစ်ခုသည် ငလျင်လှုပ်ပြီး တရက်အကြာတွင် နိုင်ငံတကာအကူအညီ ပထမဆုံးရရှိခဲ့သော နေရာများဖြစ်သည်။

ထိခိုက်ဒဏ်ရာရသူ သို့မဟုတ် သေဆုံးသူအရေအတွက်နှင့် တိုင်းတာလျှင် နေပြည်တော်တွင် သေဆုံး / ဒဏ်ရာရသူ ၁၀ ဦးလျှင် နိုင်ငံတကာကယ်ဆယ်ရေးသမား ၈ ဦးခန့် ရရှိခဲ့ခြင်းဖြစ်သည်။ သို့ရာတွင် အထိ ခိုက်ဆုံးဒေသဖြစ်သော မန္တလေးမြို့တွင်မူ သေဆုံး/ဒဏ်ရာရသူ ၁၀ ဦးလျှင် နိုင်ငံတကာ ကယ်ဆယ်ရေး သမား ၃ ဦးသာ လက်ခံရရှိခြင်းကြောင့် သိသိသာသာ ကွာဟမှု ရှိနေသည်။

တော်လှန်ရေးတပ်ဖွဲ့ဝင်များ စိုးမိုးမှု အားကောင်းသည့် စစ်ကိုင်းတိုင်းဒေသကြီးသို့မူ မလေးရှား ကယ်ဆယ် ရေးသမား ၅၀ ဦးကို စေလွှတ်ခဲ့ရာ သေဆုံး/ဒဏ်ရာရသူ ၁၀ ဦးလျှင် နိုင်ငံတကာ ကယ်ဆယ်ရေးသမား တဦးသာ စေလွှတ်ခြင်းဖြစ်သည်။ ဒေသခံများနှင့် နိုင်ငံတကာအကူအညီပေးရေးအဖွဲ့များက စစ်ကိုင်းမြို့ ၏ လေးပုံသုံးပုံခန့် ပျက်စီးသွားကြောင်း ခန့်မှန်းထားကြသည်။

စစ်ကိုင်းသို့ စေလွှတ်ခဲ့သော ကယ်ဆယ်ရေးသမားများသည် ငလျင်လှုပ်ပြီး သုံးရက်အကြာ မတ်လ ၃၁ ရက်နေ့တွင်မှ စစ်ကိုင်းသို့ ပထမဆုံးအကြိမ် ရောက်ရှိလာခဲ့ ကြခြင်းဖြစ်သည်။

"ကျွန်တော်မြင်သလောက်တော့ ကယ်ဆယ်ရေးလုပ်ငန်းတွေကို ပြည်သူတွေကိုယ်တိုင်ပဲ လုပ်ဆောင် နေကြရတာပါ” ဟု မန္တလေးမြို့က ပြည်သူတဦးက ပြောခဲ့သည်။

ငလျင်ကြောင့် အပြင်းအထန်ထိခိုက်သွားခဲ့သူများကို အကူအညီပေးရန် စေတနာ့ဝန်ထမ်း တာဝန်ယူ ထားသော စစ်ကိုင်းမြို့ခံ တဦးကလည်း ပြည်သူများ ကိုယ်ထူကိုယ်ထ လုပ်ဆောင်နေရကြောင်း ထပ်လောင်းပြောဆိုခဲ့သည်။ စစ်တပ်တွင် "ပြည်သူများကို ကူညီကယ်ဆယ်လိုသော ဆန္ဒမရှိ” ဟု သူက ပြောပြခဲ့သည်။ နိုင်ငံတကာအကူအညီများကို စစ်ဗိုလ်ချုပ်များက"၎င်းတို့၏ ကိုယ်ကျိုးအတွက်သာ အသုံးပြု” ကြကြောင်းလည်း သူက စွပ်စွဲခဲ့သည်။

ကယ်ဆယ်ရေးသမား အရေအတွက် မညီမမျှ စေလွှတ်ခြင်း၊ တော်လှန်ရေး အဖွဲ့ နယ်မြေများဟု သတ်မှတ် ထားသော နေရာများတွင် အကန့်အသတ်ဖြင့်သာ အကူအညီပေးခြင်း၊ သို့မဟုတ် အကူအညီ လုံးဝ ပိတ်ပင် ထားခြင်း စသည့်အချက်များကြောင့်၊ စစ်အုပ်စုသည် အကျပ်အတည်းများကို ၎င်းတို့၏ ကိုယ်ပိုင် ရည်ရွယ်ချက်အတွက် အသုံးချနေကြောင်း စိုးရိမ်မှုများကို ပိုမိုခိုင်မာလာစေခဲ့သည်။

"လူတွေ အသက်မွေးဝမ်းကျောင်းဖို့ ပိုခက်ခဲလာရင်၊ လူတွေကို ပိုပြီး ဒုက္ခပေးလိုက်ရင် သူ့ရဲ့အာဏာ ပိုတည်မြဲလိမ့်မယ်လို့  စစ်ခေါင်းဆောင်က ယုံကြည်နေတာပါ။ နိုင်ငံကို သူတို့ ပြန်ပြီးတည်ဆောက်ပေးမယ် ဆိုတာမျိုး စိတ်ကူးကြည့်လို့ မရဘူး။ လက်ရှိဒုက္ခရောက်နေကြတဲ့ ပြည်သူတွေအနေနဲ့ အချင်းချင်း အပြန် အလှန်ကူညီမှုတွေကနေပဲ လုံလောက်တဲ့အစားအစာနဲ့ ရေတွေ ရရှိနိုင်မှာပါ" ဟု စစ်ကိုင်းမြို့ခံ တဦးက ပြောပြခဲ့သည်။

ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းများ များစွာရှိသော စစ်ကိုင်းမြို့တွင် ငလျင်ကြောင့် ပြင်းထန်သော ထိခိုက်ပျက်စီးမှုများ ကြုံတွေ့ခဲ့ရသည်။ စစ်ကိုင်းတောင်ပေါရှိ ဘုန်းကြီးကျောင်းများနှင့် သီလရှင် ကျောင်းများစွာ ငလျင်ကြောင့် ထိခိုက်ပျက်စီး သွားခဲ့ရသည်။

မြန်မာနိုင်ငံ၏ မြို့တော်နေပြည်တော်တွင်လည်း အစိုးရအဆောက်အအုံများ၊ ဝန်ထမ်းအိမ်ရာများနှင့် ကျောင်းများ အကြီးအကျယ် ထိခိုက် ပျက်စီးခဲ့သည်။ ရာနှင့်ချီသော အစိုးရဝန်ထမ်းများလည်း အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်။

ငလျင်ဘေး အကူအညီများကို စစ်ကောင်စီက လက်နက်သဖွယ်  အသုံးပြုခြင်း

စစ်ကောင်စီသည် သဘာဝဘေးအကူအညီများကို ၎င်းတို့၏ နိုင်ငံရေးရည်မှန်းချက်များ ရရှိရန် လက်နက် သဖွယ်အသုံးပြုခဲ့သည့် သမိုင်းကြောင်း ရှိနေကြောင်းကိုလည်း အရပ်ဖက် လူမှုအဖွဲ့အစည်း ရာပေါင်းများ စွာက သတိပေးထားသည်။

ထို့အစား ပြည်သူလူထုနှင့် နိုင်ငံတကာအလှူရှင်များ အနေဖြင့် လက်တွေ့ မြေပြင်ကွန်ရက်များ၊ အမျိုး သားညီညွတ်ရေးအစိုးရ (NUG) နှင့် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များနှင့် ပူးပေါင်း လုပ်ကိုင်ကြရန် အရပ်ဖက် လူမှုအဖွဲ့အစည်းများက တိုက်တွန်းခဲ့သည်။ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့ အခွင့်အရေး အထူးကိုယ်စားလှယ် Thomas Andrews ကလည်း အလားတူ တိုက်တွန်းခဲ့သည်။

ထိုသို့သတိပေးမှုများသည် စစ်အုပ်စု၏ ကိုယ်ကျိုးရည်ရွယ်ချက်များနှင့် ပတ်သက်သည့် နက်ရှိုင်းသော သံသယများ ရှိနေကြကြောင်းကို ထင်ဟပ်နေခြင်းဖြစ်သည်ဟု လေ့လာသူများက ဆိုကြသော်လည်း၊ အချို့ကမူ၊ အတွေ့အကြုံရှိသော လူသားချင်းစာနာမှုဆိုင်ရာ အေဂျင်စီများသည် စစ်အုပ်စု၏ ကိုယ်ကျိုးရှာ နည်းဗျူဟာများကို ရှောင်လွှဲရန် လုံလောက်သော အရည်အချင်းရှိနေကြကြောင်း ပြောခဲ့ကြသည်။

"လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးတဲ့ အဖွဲ့အစည်းတွေဟာ၊ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာ သိမ်းပြီးနောက်ပိုင်း လေးနှစ်ကြာ လုပ်ကိုင်နေကြတဲ့ အဖွဲ့အစည်းတွေ ဖြစ်ပြီးတော့၊ အဖွဲ့အစည်း တော်တော်များများဆိုရင် အဲဒီကာလ မတိုင်မီကတည်းက မြန်မာနိုင်ငံမှာ နှစ်ပေါင်းများစွာ လုပ်ကိုင်နေ ခဲ့ကြတာမို့  မတုံးအကြပါဘူး။ သူတို့က ဒီလို စနစ်မျိုးကို ကျွမ်းကျွမ်းကျင်ကျင် ရင်ဆိုင်ကိုင်တွယ်ဖူးတဲ့ အတွေ့အကြုံ ရှိကြပါတယ်” ဟု မြန်မာနိုင်ငံဆိုင်ရာ UK သံအမတ်ကြီးဟောင်း နှင့် Myanmar Centre for Responsible Business ၏ ဒါရိုက်တာဖြစ်သူ Vicky Bowman က ပြောခဲ့သည်။

မြန်မာ့အရေး လေ့လာသုံးသပ်သူ David Mathieson ကလည်း စစ်တပ်သည် တော်လှန်ရေးအဖွဲ့ ထိန်းချုပ်နယ်မြေများသို့ အကူအညီပေးရေးကို ကန့်သတ်နိုင်ကြောင်း သတိပေးထားသည်။ NUG အရာရှိများကလည်း စစ်ကောင်စီသည် အကူအညီများ ထိုဒေသများသို့ မရောက်ရှိအောင် ရည်ရွယ် ချက်ရှိရှိ ပိတ်ပင်နေကြောင်း စွပ်စွဲခဲ့သည်

အကူအညီဖြန့်ဖြူးမှုအပေါ် စစ်တပ်၏ ထိန်းချုပ်မှုများကို ကျော်လွှားနိုင်ဖို့ ဆိုလျှင် လက်တွေ့ မြေပြင် ပေါ်ရှိ အရပ်ဖက်အဖွဲ့အစည်းငယ်များနှင့် လူသားချင်းစာနာမှုဆိုင်ရာ အဖွဲ့အစည်းငယ်များကို ရှာဖွေကာ ပူးပေါင်းလုပ်ဆောင်သင့်ကြောင်း David Mathieson ကလည်း ပြောခဲ့သည်။

"ဒါက သူတို့ [စစ်ကောင်စီ] လုပ်လေ့လုပ်ထရှိတဲ့ အရာပါ။ လုံခြုံရေးထိန်းချုပ်မှု လုပ်ဖို့နဲ့၊  ဆန့်ကျင် ဘက် လို့ သံသယရှိသူတိုင်းကို အပြစ်ပေးဖို့ဆိုတဲ့ အရေးကြီးတဲ့ တွဲဘက် အချက်နှစ်ချက်ပါ။ ကျွန်တော့် အမြင် အရတော့ ဒါတွေဟာ မြန်မာစစ်တပ်ရဲ့ စရိုက်လက္ခဏာမျိုးကို ဖြစ်နေတာပါ” ဟု သူက ပြောခဲ့သည်။

ငလျင်ဘေး ကယ်ဆယ်ရေးအစီအစဉ်များတွင် ပါဝင်လုပ်ဆောင်လျက်ရှိသော ကုလသမဂ္ဂအေဂျင်စီ တခုမှ အမည်မဖော်လိုသော အရာရှိတဦးက Myanmar Now ကို ပြောပြရာတွင် ကုလသမဂ္ဂသည် စစ်ကိုင်းတိုင်းဒေသကြီးရှိ တော်လှန်ရေးအဖွဲ့များ၏ ထိန်းချုပ်မှုအောက်တွင်ရှိသော ငလျင်ဒဏ်သင့် ဒေသများသို့ ဝင်ရောက်ခွင့်ရရန် စစ်အုပ်စု၏ ခွင့်ပြုချက်ကို စောင့်ဆိုင်းနေရဆဲဖြစ်ကြောင်း ပြောခဲ့သည်။

စာရွက်ပေါ်တွင်သာ ရှိသည့် အပစ်အခတ် ရပ်စဲရေး

စစ်ကောင်စီသည် နိုင်ငံတကာ ထောက်ခံမှုရရှိရန် ကြိုးပမ်းသည့်အနေဖြင့် ငလျင်အပြီးတွင် ယာယီအပစ် အခတ်ရပ်စဲရေး ကြေညာခဲ့သော်လည်း၊ လက်တွေ့တွင် ဗုံးကြဲတိုက်ခိုက်မှုများကို စစ်ကောင်စီက ဆက်လက် ပြုလုပ်နေကြောင်း တော်လှန်ရေးတပ်ဖွဲ့များက ပြောခဲ့သည်။

စစ်ကောင်စီက အပစ်အခတ်ရပ်စဲရေး ကြေညာပြီး တရက်အကြာတွင်ပင်  လေကြောင်းတိုက်ခိုက်မှုများ ဆက်လက် လုပ်ဆောင်ခဲ့ကြောင်း တော်လှန်ရေးခေါင်းဆောင်များက Myanmar Now ကို ပြောပြခဲ့သည်။

NUG နှင့် ၎င်း၏မဟာမိတ်များကလည်း ယာယီအပစ်အခတ်ရပ်စဲရေး ကြေညာခဲ့ရာ၊ ထိုသို့ ကြေညာ အပြီးတွင် စစ်ကောင်စီသည် တိုက်ခိုက်ရန် ပိုမိုရဲရင့်လာခဲ့ကြောင်း တချို့က ဆိုသည်။

"မြန်မာစစ်တပ်အဖို့ အပစ်အခတ်ရပ်စဲရေးဆိုတာ လုံးဝအဓိပ္ပာယ်မရှိပါဘူး။ အပစ်အခတ်ရပ်စဲရေး ဆိုတာ သူတို့အတွက်တော့ စာမျက်နှာပေါ်က စာလုံးတွေသာ ဖြစ်ပါတယ်။ သဘာဝဘေးကယ်ဆယ်ရေးပဲဖြစ်ဖြစ်၊ ပုံမှန်နေ့တနေ့ပဲဖြစ်ဖြစ်၊ အပစ်အခတ်ရပ်စဲရေးဆိုတာ လက်တွေ့ မြေပြင်ပေါ်က သူတို့တပ်ဖွဲ့တွေအတွက် ဘာမှအဓိပ္ပာယ်မရှိပါဘူး။ သူတို့က ဘာပဲဖြစ်ဖြစ် ဆက်တိုက်ခိုက်နေမှာပါ" ဟု Mathieson က ပြောသည်။

ဘင်္ဂလားပင်လယ်အော် စီးပွားရေးနှင့် နည်းပညာဆိုင်ရာ ဘက်စုံ ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့အစည်း (BIMSTEC) ထိပ်သီးအစည်းအဝေး တက်ရောက်ရန်အတွက် စစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင် ဧပြီလ ၃ ရက်နေ့က ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ ရောက်ရှိလာစဉ် (ဓာတ်ပုံ - AFP)

ဘင်္ဂလားပင်လယ်အော် စီးပွားရေးနှင့် နည်းပညာဆိုင်ရာ ဘက်စုံ ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့အစည်း (BIMSTEC) ထိပ်သီးအစည်းအဝေး တက်ရောက်ရန်အတွက် စစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင် ဧပြီလ ၃ ရက်နေ့က ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ ရောက်ရှိလာစဉ် (ဓာတ်ပုံ - AFP)

လူ့အသက်များအပေါ် စစ်ကောင်စီ၏ မထီမဲ့မြင်ပြုမှုနှင့် မဟာဗျူဟာအကျိုးအမြတ်အတွက် ဒုက္ခများကို စစ်ကောင်စီက အခွင့်ကောင်းယူ အသုံးချရန် ဆန္ဒရှိနေကြောင်း သဘာဝကပ်ဘေးက ထုတ်ဖော်ပြသနိုင် သည်ဟု တော်လှန်ရေးတပ်ဖွဲ့များကလည်း ပြောခဲ့ကြသည်။

ငလျင်ဖြစ်ပြီး ရက်အနည်းငယ်အကြာတွင် အကူအညီတောင်းခံရေး အကြောင်းပြ၍ ဒေသကြီးဆိုင်ရာ ထိပ်သီးအစည်းအဝေး တခုသို့ (BIMSTEC သို့) တက်ရောက်ရန် မင်းအောင်လှိုင်၏ ဆုံးဖြတ်ချက်သည် ဤအမြင်များကို ပိုမိုခိုင်မာစေခဲ့သည်။

"ငလျင်လှုပ်ပြီး ရက်နည်းနည်း အကြာမှာပဲ နိုင်ငံထဲကနေ ထွက်ဖို့ ယုံကြည်မှုရှိတာ၊ စာနာစိတ် ကင်းတာ တွေဟာ၊ သူ့အနေနဲ့ ပြန်လာနိုင်မှာပါဆိုတဲ့ ယုံကြည်ချက်တခုရှိနေရမယ်၊ အဲဒါက ဘာအဓိပ္ပါယ်လဲဆိုတော့ သူ့စစ်တပ်ကို သူအနေနဲ့ ယုံကြည်နိုင်တယ်ဆိုတာကို ပြသနေတာပဲ" ဟု Mathieson က ပြောသည်။

"သူတို့က အပြောဇာတ်ကြောင်းကို ထိန်းချုပ်နိုင်ပြီး ဝင်လာတဲ့ လူတွေရဲ့ လှုပ်ရှားမှုကိုလည်း ထိန်းချုပ်နိုင် တယ်ဆိုတာ သိနေတာမို့၊ ကရုဏာရှိသူအသွင်၊ လက်ခံကူညီတတ်သူ အသွင်မျိုးပြပြီး တမျိုးတဖုံ တရား ဝင်ဖြစ်မှု ရလာအောင် ကြိုးစားလို့ ရမှန်း သိနေတယ်” ဟု Mathieson က၊ စစ်ကောင်စီခေါင်းဆောင် ငလျင်ဘေးအကူအညီ အလျင်အမြန် တောင်းခံမှုနှင့်ပတ်သက်၍ ပြောခဲ့သည်။

ထို့ကြောင့် Mathieson က စစ်ကောင်စီ၏ အပေါ်ယံသက်သက် လုပ်ပြမှုကို မယုံကြရန် သတိပေးခဲ့သည်။ "သူက စစ်ရာဇဝတ်ကောင်တယောက်ပါ။ သူဟာ ထောင်ထဲမှာ ရှိနေသင့်တာ။ ထိုက်တန်မှု မရှိဘဲနဲ့ ဒီလို နိုင်ငံတကာ ချီးကျူးမှုတွေကို သူ ရနေတာဟာ ရွံရှာစရာကောင်းပါတယ်။”

စစ်ကိုင်းတွင် ဧပြီလ ၃ ရက်နေ့က စားနပ်ရိက္ခာအတွက် တန်းစီနေကြစဉ် (ဓာတ်ပုံ - AFP)

စစ်ကိုင်းတွင် ဧပြီလ ၃ ရက်နေ့က စားနပ်ရိက္ခာအတွက် တန်းစီနေကြစဉ် (ဓာတ်ပုံ - AFP)

ငလျင်အပြီးကာလ ပြန်လည်ထူထောင်ရေး

ငလျင်ကိစ္စ အနယ်ထိုင်ချိန်တွင် မြန်မာနိုင်ငံ အနေဖြင့် စီးပွားရေးအခက်အခဲနှင့် အမေရိကန်အကူအညီ     ရုတ်သိမ်းမှုများပါ ကြုံတွေ့နေရရာ မြန်မာနိုင်ငံကို မည်သို့ပြန်လည်တည်ဆောက်ကာ နလန်ထူနိုင်မည်နည်းဆိုသည့် မေးခွန်းများ ကျန်ရှိနေဆဲဖြစ်သည်။

ငလျင်ကြောင့် မြန်မာ့ စီးပွားရေးဆုံးရှုံးမှုသည် မြန်မာနိုင်ငံ၏ စုစုပေါင်းပြည်တွင်းထုတ်ကုန် (GDP) ကို ကျော်လွန်သွားနိုင်ကြောင်း USGS က ခန့်မှန်းခဲ့သည်။

"ပျက်စီးမှုပမာဏကို ကြည့်မယ်ဆိုရင် အများပြည်သူအတွက် အခြေခံအဆောက်အအုံတွေကို၊ ပြီးတော့ ရနိုင်မယ်ဆိုရင် နိုင်ငံတကာအကူအညီတွေ၊ ပုဂ္ဂလိကလှူဒါန်းမှု တချို့နဲ့ အစိုးရငွေတချို့ တွေ အကြီးအကျယ်ပေါင်းစပ်ပြီး ပြန်တည်ဆောက်ရမှာပါ” ဟု Bowman က ဆိုသည်။

"ပြီးတော့ ပုဂ္ဂလိကကဏ္ဍနဲ့ လူတယောက်ချင်းစီရဲ့  ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေအတွက် ယုံကြည်မှုနဲ့ အကောင်းမြင်မှုတွေ လိုအပ်ပါတယ်။ အဲဒါမျိုးတွေက လက်ရှိမန္တလေးစီးပွားရေးမှာရော တနိုင်ငံလုံးမှာပါ လိုအပ်နေပါလိမ့်မယ်။ ဒါကြောင့် ကျွန်မအနေနဲ့ အဲဒါမျိုး ဖြစ်လာလိမ့်မယ်လို့တော့ မမြင်ပါဘူး” ဟု Bowman က ပြောခဲ့သည်။

စိန်ပန်းရပ်ကွက်သည် မန္တလေးတွင် ငလျင်ဒဏ် အခံရဆုံး နေရာများထဲမှ တခုဖြစ်ကာ၊ ငလျင်နှင့်  နောက်ဆက်တွဲမီးလောင်မှုကြောင့် နေအိမ်များ ဆုံးရှုံးခဲ့ရသည် (ဓာတ်ပုံ - Myanmar Now)

စိန်ပန်းရပ်ကွက်သည် မန္တလေးတွင် ငလျင်ဒဏ် အခံရဆုံး နေရာများထဲမှ တခုဖြစ်ကာ၊ ငလျင်နှင့်  နောက်ဆက်တွဲမီးလောင်မှုကြောင့် နေအိမ်များ ဆုံးရှုံးခဲ့ရသည် (ဓာတ်ပုံ - Myanmar Now)

Mathieson ကလည်း ထိုသို့မျှော်လင့်ချက်မဲ့သော အမြင်မျိုးကို မျှဝေခဲ့သည်။

"ရေရှည်ပြန်လည်တည်ဆောက်ရေးနဲ့ ရေရှည်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို စဉ်းစားကြရမှာပါ။ ပြီးတော့ အဲဒါတွေလုပ်ဖို့ငွေတွေ ဘယ်ကရလာနိုင်မလဲဆိုတာကလည်း  မရှင်းလင်းသေးပါဘူး" ဟု Mathieson က ပြောခဲ့သည်။

"ရှေ့ဆက်ပြီး ပြန်လည်တည်ဆောက်ရေးနဲ့ ပြန်လည်ထူထောင်ရေး ကုန်ကျစရိတ်တွေကို ကြည့်မယ်ဆိုရင် ကံမကောင်းစွာပဲ မြန်မာနိုင်ငံဟာ တကယ်ပဲ သူ့ဘာသာ ကိုယ်တိုင် ရုန်းကန် ဖြေရှင်းရမယ့် အနေအထားလို့ ကျွန်တော်ထင်ပါတယ်” ဟု သူက ပြောခဲ့သည်။

ငလျင်အပြီးတစ်လအကြာ

တစ်တော၊ တစ်တောင်နှင့် တစ်မြို့လုံးနီးပါးပျက်စီးခဲ့သည့် စစ်ကိုင်းတောင်ရိုးနှင့် စစ်ကိုင်းမြို့ပေါ်တွင် ပြိုကျအဆောက်အဦးများကို ကိုယ်ထူကိုယ်ထရှင်းလင်းနေရပြီး နိုင်ငံတော်အဆင့်ထောက်ပံ့ကူညီမှုများ အားနည်းနေကြောင်း မန္တလေးနှင့် စစ်ကိုင်းမြို့ခံများကဆိုသည်။

ငလျင်ဒဏ်ကြောင့် စစ်ကိုင်းတောင်ရိုးရှိ စေတီပုထိုးနှင့် ကျောင်းတိုက်ပေါင်းများစွာ ထိခိုက်ပျက်စီးခဲ့ရာ အရှင်ဣန္ဒာစရိယ၏ ကျောင်းတိုက်လည်း ပျက်စီးခဲ့သည်။ စစ်ကိုင်းတောင်ရိုးပေါ်တွင်  နီးစပ်ရာ အသိုင်း အဝိုင်းက အပြန်လှန်ကူညီပေးနေပြီး ကူညီရေးအဖွဲ့များလည်း အားနည်းကြောင်း ဆရာတော်က မိန့်ကြားသည်။

“ဒါကြီးက အကြီးကြီးကို။ ကိုယ့်ဘာသာကိုယ်လုပ်နေလို့လည်းမပြီးဘူး။ မနိုင်ဘူး။ ဖြစ်နေတာလည်း ကိုယ်တစ်ယောက်တည်းမဟုတ်ဘူး။ တစ်တောလုံး၊ တစ်တောင်လုံး၊ တစ်မြို့လုံး၊ တစ်ရပ်လုံးဖြစ်နေတာ။ အဲ့တော့ နိုင်ငံတော်ပရောဂျက်နဲ့ကိုသွားရမှာ။ နိုင်ငံတကာကဟာနဲ့(အကူညီနဲ့) သွားရမှာ။ ပြန်လည် ထူထောင်ဖို့က မလွယ်ဘူး” ဟု ဆရာတော်က ဆိုသည်။

ငလျင်ကြောင့် ပျက်စီးသွားသည့် အင်းဝမြို့ဟောင်းက ဘုရားတစ်ဆူ (ကံကောင်း/Myanmar Now)

ငလျင်ကြောင့် ပျက်စီးသွားသည့် အင်းဝမြို့ဟောင်းက ဘုရားတစ်ဆူ (ကံကောင်း/Myanmar Now)

ငလျင်ဖြစ်ပွားချိန်မှစ၍ ကူညီကယ်ဆယ်ရေး ဆက်တိုက်ဆောင်ရွက်နေသဖြင့် ပြိုကျခဲ့သည့် ကျောင်းတိုက်ကို ပြန်မကြည့်နိုင်သေးဟု ဆိုသည်။ သတင်းစာများ၌ ငလျင်ပြန်လည်ထူထောင်ရေး အတွက် အသုံးပြုမည့်ငွေကြေးများ၊ နိုင်ငံတကာမှ လှူဒါန်းသည့် ငွေကြေးနှင့် ထောက်ပံ့ရေးပစ္စည်းများကို တစ်ခမ်းတစ်နား ဖော်ပြလေ့ရှိကြသော်လည်း ဘီစကွတ်တစ်ခု၊ ရေသန့်တစ်ကတ် မရသူများစွာရှိနေသည် ဟု စေတီလှချောင်မှ ၎င်းက ဆက်၍ မိန့်သည်။ ထို့ကြောင့် မြေပြင်အထိ အကူညီများ ထိထိရောက်ရောက် ပေးစေလိုကြောင်း ဆရာတော်က ဆိုသည်။

“တာဝန်ရှိတဲ့သူတွေ တာဝန်ယူကြပါ။ အလုပ်လုပ်ကြပါ။ စာရွက်ထဲမှာပဲလုပ်မနေကြပါနဲ့။ လေထဲမှာပဲ လုပ်မနေကြပါနဲ့ မြေပြင်ပေါ်ကို တကယ်ရောက်အောက်လုပ်ကြပါ”

“ဒီတစ်တောလုံး၊ တစ်တောင်လုံးဘယ်ကူနိုင်မလဲ။ နိုင်ငံတော်အဆင့်မှ မဟုတ်တာ။ နိုင်ငံတကာအဆင့်မှ မဟုတ်တာ။ အဲ့ဒီလိုဆိုတော့ ဆင့်ပါးစပ် နှမ်းပတ်တဲ့ အနေအထားပဲရှိပါတယ်။ ရပ်တည်ရခက်ခဲပါတယ်။ ပြန်လည်ထူထောင်ဖို့ထားဦး လောလောဆယ်စားရေးသောက်ရေးကို ရပ်တည်ရခက်ခဲတယ်” ဟု ဆရာတော်က မိန့်ကြားသည်။

စစ်ကိုင်းမြို့ပေါ်တွင် ပုဂ္ဂလိကအသင်းအချို့က အဆောက်အဦးများကို ဖြိုချပေးနေပြီး ကိုယ့်အစီစဉ်ဖြင့် ကိုယ်ရှင်းလင်းကြရသည်။ စစ်ကောင်စီအစီစဉ်ဖြင့် ဖြိုဖျက်လိုပါက စာအဆင့်ဆင့်တင်ရပြီး အလှည့်ကျ စောင့်ဆိုင်းရမည်ဖြစ်၍ အချိန်ကြာမြင့်နိုင်ကြောင်း စစ်ကိုင်းမြို့ခံ အမျိုးသားတစ်ဦးကလည်း ပြောသည်။

ထို့ကြောင့် ငလျင်ဒဏ်ခံရသူအများစုသည် နီးစပ်ရာဆွေမျိုးနေအိမ်များ၊ ယာယီတဲများ၊ မပြိုပျက်သည့် နေအိမ်များ၊ ကယ်ဆယ်ရေးစခန်းများတွင် နေထိုင်ကြရသည်ဟု ၎င်းက ဆက်ပြောသည်။ စစ်ကိုင်းမြို့ရှိ အထက(၁) တွင် ကယ်ဆယ်ရေး စခန်းတစ်ခု ဖွင့်လှစ်ထားဆဲဖြစ်သည်။

“ရှိသမျှစည်းစိမ်တွေက အကုန်ပြိုလဲပုံကျသွားတဲ့ပုံစံဖြစ်သွားပြီ။ တချို့က ပိုက်ဆံတွေ အပြင်မှာ ယူကောင်းယူလာနိုင်တာမျိုးရှိတယ်။ တချို့ဆိုမယူလာနိုင်ဘူး။ တစ်ချို့ဆို လက်ဝတ်လက်စားတွေက ဒီအဆောက်အဦတွေထဲ ရောပါသွားတာမျိုးဖြစ်နိုင်တယ်။ ဘာနဲ့သွားပြီးတော့ တည်ဆောက်မလဲ” ဟု ၎င်းက ပြောသည်။

စစ်ကိုင်းမြို့သည် ခုခံတော်လှန်သူများအားကောင်းရာဒေသဖြစ်ပြီး မန္တလေးနှင့် မြစ်တစ်ခုသာခြားကာ မြို့ပေါ်ကို စစ်ကောင်စီတပ်က ထိန်းချုပ်ထားသည်။ စစ်မီးဝိုင်းနေသော စစ်ကိုင်းတွင် ယခင်ကတည်းက စားဝတ်နေရေးကျပ်တည်းပြီး ငလျင်ဘေးဒဏ် ထပ်ခံရခြင်းကြောင့် တစ်ပူပေါ်နှစ်ပူဆင့်ဖြစ်သွားကြောင်း ၎င်းက ဆိုသည်။

ငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့် မန္တလေး၊ တံတားဦးမှ ရွှေသာလျောင်း ( ပေါင်းလဲကြီး ဘုရား ) (ဓာတ်ပုံ – ကံကောင်း)

ငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့် မန္တလေး၊ တံတားဦးမှ ရွှေသာလျောင်း ( ပေါင်းလဲကြီး ဘုရား ) (ဓာတ်ပုံ – ကံကောင်း)

အစားအသောက်အတွက် ကယ်ဆယ်ရေးအဖွဲ့များက ထောက်ပံ့မှုရှိသော်လည်း အချိန်ကြာလာသည်နှင့် ကူညီထောက်ပံ့ပေးရေးအဖွဲ့များတစ်ဖြည်းလျော့နည်းလာကာ စစ်ကောင်စီ၏ အကူညီလည်းမရသဖြင့် ငလျင်းဘေးမှ ပြန်လည်နာလန်ထူနိုင်ရန် အလှမ်းဝေးနေကြောင်း သူက ဆိုသည်။

အင်အားပြင်းငလျင်ကြောင့် ထိခိုက်ပျက်စီးမှုအများဆုံးနေရာများထဲတွင် စစ်ကိုင်းမြို့တစ်ဖက်ကမ်းရှိ မန္တလေးမြို့လည်းပါဝင်ပြီး ပြိုပျက်အဆောက်အဦးများကို နိုင်နိုင်နင်းနင်းဖြိုချရှင်းလင်းနိုင်းခြင်းမရှိပေ။

တစ်လကြာပြီးနောက် ပြိုပျက်အဆောက်အဦးများကြားတွင် ပိတ်မိသေဆုံးနေသော အလောင်းများကို အပြီးသတ်မရှင်းလင်းနိုင်သည့် တိုက်များရှိနေသေးသည်ဟု ကယ်ဆယ်ရေးလုပ်ငန်းများတွင်ပါနေသည့် မန္တလေးမြို့ခံ အသက်၂၅ နှစ်အရွယ် အမျိုးသမီးတစ်ဦးက ပြောသည်။

ငလျင်ဘေးကြောင့် နေအိမ်လုံးဝပြိုပျက်သွားခြင်းမရှိသော်လည်း အပျက်အစီးများ မရှင်းလင်းရခြင်း၊ နောက်ဆက်တွဲငလျင် လှုပ်ခတ်နိုင်ခြင်းတို့ကြောင့် အဆောက်အဦးကြံ့ခိုင်မှုကို စိုးရိမ်ကာ ဘေးလွတ်ရာ နေရာများ၊ လမ်းမများ၊ ကယ်ဆယ်ရေးစခန်းနှင့် ဘုန်းကြီးကျောင်းများ၌ နေထိုင်ကြရဆဲဖြစ်သည်ဟု ထိုအမျိုးသမီးက ပြောသည်။

“ကိုယ့်အိမ်ကိုယ့်ယာ မဟုတ်တဲ့အတွက်ကြောင့်မို့ အဆင်မပြေမှုတွေကတော့အများကြီးရှိတယ်။ ဒါ့ကြောင့်မို့ ဘာဆက်လုပ်ရမလဲဆိုတဲ့ဟာမျိုးတွေ တွေးရတယ်ပေါ့နော်။ အိမ်ပြိုသွားတဲ့သူတွေဆို ငါတို့ဘယ်မှာသွားနေကြမလဲ ဆိုတာမျိုး ပြင်ဆင်ကြတယ်။ အိမ်အက်သွားတယ်။ ပြင်လို့ရတဲ့သူတွေ ကျလည်း အိမ်ကိုဘယ်လိုပြင်ရမလဲ စသဖြင့်အိမ်ပြင်ဖို့အတွက်ကို ပြင်ဆင်နေကြရတာပေါ့နော်” ဟု သူက ဆိုသည်။ သို့သော် တစ်ဟုန်ထိုးမြင့်တက်လာသည့် အိမ်ဆောက်ပစ္စည်းဈေးနှုန်း၊ အလုပ်သမား အခက် အခဲကြောင့် အခက်တွေ့နေကြသည်ဟု သူက ဆိုသည်။

ငလျင်အတွင်း အိမ်မီးလောင်ခဲ့သည့် မန္တလေးမဟာအောင်မြေမြို့နယ်က မီးဘေးဒုက္ခသည်များ (ဓာတ်ပုံ - Myanmar Now)

ငလျင်အတွင်း အိမ်မီးလောင်ခဲ့သည့် မန္တလေးမဟာအောင်မြေမြို့နယ်က မီးဘေးဒုက္ခသည်များ (ဓာတ်ပုံ - Myanmar Now)

ရပ်ကွက်တစ်ခုလုံး မီးလောင်ခဲ့သည့် မဟာအောင်မြေမြို့နယ် စိန်ပန်း၊ သံနောက်ရပ်ကွက် မီးလောင်ပြင် တွင်လည်း မီးဘေးဒုက္ခသည်များက ယာယီမိုးကာတဲများအောက်တွင် ဆက်ရှိနေပြီး ဒေသအသီးသီးမှ အဖွဲ့အစည်းတချို့ စားနပ်ရိက္ခာနှင့်ငွေကြေးများ၊ ရေတွင်းရေကန်များ၊ ရွေ့လျားအိမ်သာများ လာရောက် လှူဒါန်းမှုရှိနေကြောင်းလည်း သိရသည်။

ငလျင်ဖြစ်ပွားချိန်မှစ၍ အသက်ရှင်ကျန်သူများကို ကယ်ထုတ်ခြင်း၊ ရုပ်အလောင်းများထုတ်ယူခြင်း၊ အစားအသောက်များထောက်ပံ့ခြင်း၊ အဆောက်အဦးများရှင်းလင်းခြင်း စသည့် ကူညီရေးလုပ်ငန်းကို ပရဟိတအဖွဲ့များက စတင်ခဲ့ပြီး ယနေ့ထိတိုင် ကူညီဆဲဖြစ်ကြောင်း မန္တလေးအခြေစိုက် လူမှုကူညီရေး အသင်းအဖွဲ့တစ်ခုမှ အမျိုးသားတစ်ဦးက ပြောသည်။

ပြိုလုဆဲဆဲ မန္တလေးမြို့က အဆောက်အဦးများ(ဓာတ်ပုံ - Myanmar Now)

ပြိုလုဆဲဆဲ မန္တလေးမြို့က အဆောက်အဦးများ(ဓာတ်ပုံ - Myanmar Now)

ကယ်ဆယ်ရေးစခန်းများရုပ်သိမ်းရန် ပြင်ဆင်မှုများရှိသော်လည်း နောက်ဆက်တွဲငလျင်များကြောင့် စိုးရိမ်မှုများရှိနေသဖြင့် ဆက်လက်ဖွင့်ထားရမည့်အခြေအနေရှိကြောင်း ၎င်းက ပြောသည်။

“ဒီရက်ပိုင်းမှာ ငလျင်တွေက ပြန်လှုပ်နေတယ်ဗျာ။ ကိုယ့်အိမ်ကို ပြန်နေမယ့်သူတွေ၊ နောက်ထပ်လည်း ပြန်နေမယ့်သူတွေ၊ ရပ်ကွက်ထဲပြန်နေမယ့်သူတွေ ငလျင်တွေက ပြန်လှုပ်တဲ့အခါကြတော့ ပြန်မဝင်ရဲဘူး။ အဲ့ဒီတော့ ကယ်ဆယ်ရေးစခန်းတွေက သက်တမ်းထပ်ရှည်မယ်လို့ယူဆရတယ်” ဟု သူက ပြောသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင် ကျောင်းများပြန်ဖွင့်ရန်နီးလာ၍ စာသင်ကျောင်းများတွင် ဖွင့်လှစ်ထားသည့် ကယ်ဆယ်ရေးစခန်းများရုပ်သိမ်းမည်ဟု သတင်းများထွက်ပေါ်ခဲ့သော်လည်း ပိတ်သိမ်းခြင်းမရှိကြောင်း သိရသည်။ ငလျင်ဘေးတစ်လပြည့်ချိန်ထိ ပြည်သူအချင်းချင်းကူညီမှုသာရှိပြီး စစ်ကောင်စီထံမှ ထိရောက်သည့် အကူအညီမရသေးကြောင်း မန္တလေးမြို့ခံ စီးပွားရေးလုပ်ငန်းရှင် အမျိုးသားတစ်ဦးက ဝေဖန်သည်။

“ကူညီထောက်ပံ့မှုက ပြည်သူကနေ ပြည်သူဆီသွားနေတာပဲရှိသေးတယ်။ စာရင်းတွေကတော့ ခဏခဏ လာကောက်တယ်။ ဒါပေမယ့် ဘာမှကူညီထောက်ပံ့မှု ထိထိရောက်ရောက် … ငွေရေးကြေးရေးပဲဖြစ်ဖြစ်၊ အစားအသောက်ရိက္ခာပဲဖြစ်ဖြစ် ထိထိရောက်ရောက်မရောက်သေးဘူး” ဟု ၎င်းက ပြောသည်။

ထို့အပြင် ငလျင်ကြောင့် ပြိုပျက်သည့် အဆောက်အဦးများကို အန္တရာယ်ရှိအဆောက်အုံဖြစ်သတ်မှတ်၍ လူနေထိုင်ခွင့်မပြုကြောင်း၊ ထိုနေအိမ်များကို ပြန်လည်ရှင်းလင်းပေးနေသော်လည်း တည်ဆောက်ရေးနှင့် မိသားစုဝင်များနေရာချထားရေးအတွက် ရှင်းလင်းသည့် အစီစဉ်များမတွေ့ရကြောင်း ၎င်းက ဆိုသည်။

စစ်ကောင်စီကမူ အရေးပေါ်ရှာဖွေကယ်ဆယ်ရေးဆောင်ရွက်ပြီးနောက် ကနဦးပြန်လည်ထူးထောင်ရေးကို အရှိန်အဟုန်မပြတ်ဆောင်ရွက်နေကြောင်း ဒုစစ်ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီး စိုးဝင်းက ဧပြီလ ၂၅ နေပြည်တော်တွင် ပြုလုပ်သည့်အစည်းဝေးတွင် ပြောဆိုသည်ဟု နိုင်ငံပိုင်သတင်းစာတွေ ဖော်ပြခဲ့သည်။

ဧပြီ ၂၈ ရက်နေ့ ငလျင်တစ်လပြည့်တွင် ငလျင်ဘေးကြောင့် ကွယ်လွန်သွားသူများအတွက် အမျှအတမ်းပြုလုပ်နေသော မိသားစုဝင်များ(ဓာတ်ပုံ - Myanmar Now)

ဧပြီ ၂၈ ရက်နေ့ ငလျင်တစ်လပြည့်တွင် ငလျင်ဘေးကြောင့် ကွယ်လွန်သွားသူများအတွက် အမျှအတမ်းပြုလုပ်နေသော မိသားစုဝင်များ(ဓာတ်ပုံ - Myanmar Now)

ဧပြီ ၂၄ ထိ ငလျင်းဘေးအတွက် ပြည်တွင်းပြည်ပမှ လှူဒါန်းငွေ ကျပ် ၁၁၅ ဒသမ ၈၇၆ ဘီလျံကျော်၊ အမေရိကန်ဒေါ်လာ ၂ ဒသမ ၄၃၇ သန်းကျော်၊ ကိုးရီယားဝမ် ၅ သန်း၊ အိန္ဒိယရူပီး ၁၅ သန်း၊ ထိုင်းဘတ် ၂ သန်းနှင့် စင်ကာပူပေါ်လာ ၃၁၅၀ ရရှိခဲ့ပြီး ထောက်ပံ့ရေးနှင့် ကယ်ဆယ်ရေးပစ္စည်းတန်ချိန်ပေါင်းများစွာ လက်ခံရရှိခဲ့သည်ဟု ဆိုသည်။

ငလျင်ဘေးပြန်လည်ထူထောင်ရာတွင် ထိခိုက်ပျက်စီးမှုများဖယ်ရှားရှင်းလင်းရန် သဘာဝဘေးရန်ပုံငွေမှ စစ်ကောင်စီက စစ်ကိုင်းအတွက် ကျပ် ၅၀ ဘီလျံ၊ မန္တလေးအတွက် ၆၀ ဘီလျံ၊ နေပြည်တော်အတွက် ၁၀ ဘီလျံ၊ ရှမ်းပြည်နယ်အတွင် ၅ ပေးအပ်ပြီးဖြစ်ကြောင်းလည်း ထိုသတင်းတွင် တွေ့ရသည်။

မန္တလေးတိုင်းတွင် ငလျင်ဘေးဒဏ်ကြောင့် သေဆုံးသူ ၂,၁၅၂ ဦးအတွက် တစ်ဦးလျှင် ငွေ ၁၈ သိန်းနှင့် ငလျင်ဘေးသင့်သူ ၁၃၀,၀၀၀ ကျော်အတွက် ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ငါးပိ တစ်လစာထောက်ပံ့ပေးခဲ့ကြောင်း နေအိမ်ပျက်စီးသူများအတွက် စိစစ်ထောက်ပံ့ပေးရန်စီစဉ်နေကြောင်း စစ်ကောင်စီ လက်အောက်ခံ ပြန်ကြားရေးဌာနက ယနေ့ (ဧပြီ ၂၉) ထုတ်ပြန်ထားသည်။

စစ်ကောင်စီရုံးစိုက်ရာနေပြည်တော်တွင်ပင် ကူညီထောက်ပံ့မှုများမပေးနိုင်သလို ၎င်းတို့လက်အောက်ခံ ဝန်ထမ်းများကိုပင် ဖြစ်သလိုနေရာချပေးနေရဆဲဖြစ်သည်။ ထို့အတူ ငလျင်ဒဏ်ခံရသည့် မန္တလေးတိုင်းမှ ဝမ်းတွင်း၊ သဲတော၊ ပျော်ဘွယ်၊ ရမည်းသင်းနှင့် ရှမ်းပြည်နယ် အင်းလေးဒေသတွင်လည်း စစ်ကောင်စီ၏ အကူအညီများနည်းပါးနေကြောင်း ဒေသခံများက ဆိုသည်။

ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများပြားခဲ့သည့် အင်းလေးဒေသတွင် စစ်ကောင်စီ စားနပ်ရိက္ခာ ကူညီမှုရှိသော်လည်း အိမ်လုံးဝပြိုပျက်မှသာ ကူညီကြောင်း၊ အခြားလူမှုကူညီရေးအဖွဲ့များရှိသော်လည်း လုံလောက်သည့် ကူညီထောက်ပံ့လိုအပ်နေကြောင်း အင်းလေး သလဲဦးအင်းရွာမှ အမျိုးသားတစ်ဦးက ဆိုသည်။

“ပြန်လည်ထူထောင်ရေးအတွက် လုံလောက်တဲ့ ကူညီပံ့ပိုးမှုတွေ လိုအပ်တယ်။ အမှန်တကယ်လိုအပ် တာတော့ ပိုက်ဆံ၊  အိမ်ဆောက်ပစ္စည်းတွေနဲ့ လက်သမားတွေ‌‌ပေါ့။ အဲ့လိုမျိုးကူညီမယ်ဆိုရင်တော့ အမြန်ဆုံးပြီးမြောက်သွားမယ်ထင်တယ်” ဟု သူက ပြောသည်။

အင်အားပြင်းငလျင်မဖြစ်ပွားမီကတည်းက စစ်တပ်အာဏာသိမ်းမှုကြောင့် ပဋိပက္ခဖြစ်ပွားရာဒေသတွင်  ရိက္ခာမလုံလောက်မှုကြုံတွေ့နေရပြီး ၂၀၂၅ ခုနှစ်အတွင်း မြန်မာပြည်သူ ၁၅ သန်း ငတ်မွတ်ခေါင်းပါးမှု ဒဏ် ရင်ဆိုင်ရနိုင်ကြောင်း ကုလသမဂ္ဂ၏ ကမ္ဘာ့စားနပ်ရိက္ခာအစီစဉ်(WFP) က ယခုနှစ် ဇန်နဝါရီ ၂၉ တွင် ထုတ်ပြန်ထားသည်။

ဆောင်းပါးပါအချက်များသုံးထားပုံ

ဆောင်းပါးတွင် ပါဝင်သူများ

Reporting\ Aika Rey, Myanmar Data Citizens, Myanmar Now

Editing\ Myanmar Now

Visualisation\ Myanmar Data Citizens, Aika Rey

Code & Design\ Myanmar Data Citizens

Banner\ Myanmar Now